၁၆ ရာစုမတိုင်မီနှစ်များကဆိုလျှင် ကမ္ဘာကြီးသည်အလုံးကြီးဖြစ်ပါသည်ဟူသော အယူအဆသည်ပင် ယုံကြည်သူနည်းပါး လှပေ
သည်။ ထိုစဉ်က စကြာဝဠာအတွင်းကမ္ဘာကြီးတည်နေပုံသည် မရေရာမသေချာရှိခဲ့သည်။ ကမ္ဘာလုံးကြောင်း ယုံကြည်သူတို့က သက်သေအထောက်အထားများနှင့် ပုံစံမျိုးစုံတင်ပြကြသော်လည်း ကမ္ဘာပြားသည်ဟု ယူဆသူတို့ဘက်မှလည်း ထိုနည်းအတိုင်းအထောက်အထား အစုံအလင်နှင့်ဖြစ်သည်။ သို့သော်နောက်ပိုင်း အပိုလိုယာဉ်များကျေးဇူးဖြင့် အာကာသအတွင်းမှ ရိုက်ကူးယူသော ကမ္ဘာပုံများတွေ့ရှိရသောအခါတွင်မှ ကမ္ဘာလုံးဝန်းကြောင်း အများစုလက်ခံလာခဲ့ကြသည်။ သို့သော် ကမ္ဘာကြီးလုံးဝန်းကြောင်း ငြင်းဆိုစရာမရှိဟု လက်ခံထားသော ယနေ့ခေတ်အချိန်အခါမှာပင် အမေရိကန်ပြည်ထောင်စုကဲ့သို့ အာကာသပညာတိုးတက်လှသည့်နိုင်ငံကြီးတွင် ကမ္ဘာကြီးသည် ပြားပါသည်ဟု ယူဆသော "ကမ္ဘာပြားအသင်း (Flat Earth Society)" သည် ယနေ့အထိတည်ရှိလျက်ရှိသည်။
အခေါင်းပွကမ္ဘာကြီး
အကြောင်းခြင်းရာတစ်ခုအား မှန်သည်မှားသည်ဟု ဆုံးဖြတ်ရာတွင် အညွှန်းတဘောင် (Frame of Reference) သည်အလွန်ပင် အရေးပါလှသည်။ တနည်းဆိုသော် ရှုမြင်သုံးသပ်သည့် အနေအထားပင်ဖြစ်သည်။ ယင်းအခြေအနေအား ရှင်းလင်းစွာထင်ဟပ်စေ သော ဥပမာတစ်ခုရှိပါသည်။ ဥပမာ ကမ္ဘာကြီးပေါ်တွင် တစ်မီတာရှည်သော မျဉ်းဖြောင့်တစ်ကြောင်းကို ဆွဲသားသည်ဆိုပါစို့။ သို့ဆိုလျှင် ယင်းမျဉ်းသည် မျဉ်းဖြောင့်တစ်ကြောင်းအမှန်ဖြစ်ရဲ့လားဟု မေးမည်ဆိုလျှင် အလွန်ပင်ခက်ပေလိမ့်မည်။ ကမ္ဘာပေါ်မှ ကြည့်သူအတွက် ယင်းသည်မျဉ်းဖြောင့်တစ်ခု အမှန်ဖြစ်သည်ဟု ဆိုပေလိမ့်မည်။ သို့သော်အာကာသထဲမှကြည့်သူအတွက်မူ လုံးဝိုင်းနေသော ကမ္ဘာမြေပေါ်တွင်ဆွဲသမျှမျဉ်းများသည် မျဉ်းကွေးများသာ ဖြစ်လိမ့်မည်ဖြစ်သည်။ ယင်းဖြစ်ရပ်အတွက် မျဉ်းကွေးရော၊ မျဉ်းဖြောင့်ပါ သက်ဆိုင်ရာအညွှန်းဘောင်ပေါ်တွင်မူတည်လျက် မှန်ကန်နေလိမ့်မည်ဖြစ်သည်။ ယင်းကဲ့သို့ပင် မိမိတည်ရှိရာ အညွှန်းဘောင်မှ ကမ္ဘာလုံးကြောင်း ပြားကြောင်း သီအိုရီများထုတ်ခဲ့ကြရာတွင် တမူထူးခြားစွာဖြင့်တည်ရှိနေသော သီအိုရီတစ်ခုသည်လည်း တည်ရှိနေခဲ့သည်။ ယင်းသီအိုရီအား သိပ္ပံပညာရှင်အများစုမှမဖြစ်နိုင်သော၊ သိပ္ပံနည်းမကျသောသီအိုရီ သာဖြစ်သည်ဟု သတ်မှတ်ခဲ့ကြသော်လည်း စိတ်ကူးယဉ်သိပ္ပံဝတ္ထုများ၊ လျှို့ဝှက်သိပ္ပံဖာတ်လမ်းများ၊ ရုပ်ရှင်များတွင် ယနေ့ထက်တိုင်ပါဝင်လျက်ရှိနေပြီး ယုံကြည်သူများမှာလည်း ယနေ့ထက်တိုင် ယင်းသီအိုရီအား လက်ခံထားခဲ့ကြသည်။
No comments:
Post a Comment