Friday, March 23, 2012

အလွမ်းဒဏ်ရာ


ငါ့နဲ့ထိုက်တန်တဲ့ ဆုလာဘ်တဲ့လား
အချစ်ရတက်ပွေသူအတွက်
သစ်ရွက်ကြွေတာလည်း ဒဏ်ရာ
အတွင်းကြေသူအတွက်
နှင်းဝေတာလည်း ဒဏ်ရာ
အငြိုးမပြေသူအတွက်
မိုးစွေတာလည်း ဒဏ်ရာ
ရွာချလိုက်တဲ့ တိမ်စိုင်တွေကို
တစစီပြန်ကောက်ဆက်လို့ မရသလိုမျိုးပေါ့။

ဝိရောဓိ



အကြိမ်ကြိမ် ပေးဆပ်ခဲ့တာတောင်
ငါ့အချစ်တွေက
အသုံးမ၀င်ခဲ့ဘူးလား
အမြဲတမ်း ဖြည့်ဆည်းပေးခဲ့တဲ့
နင့်ဆန္ဒတွေအတွက်
ငါ့စကားက အရာမရောက်တော့ဘူးလား
နင်အမြဲ အဆင်ပြေ
ပျော်ရွှင်ဖို့အတွက်
ငါ့ဆန္ဒတွေ
ငါ့မျှော်လင့်ချက်တွေ
ိုက်ချိုးခံရတာကိုလည်း
နင်မသိခဲ့ပါလား။
နင့်ကို စိတ်နာတယ်
ဒါပေမယ့်
နှလုံးသားက
အသိခေါက်ခက် အ၀င်နက်နေတယ်။

ဒဏ်ရာဟောင်း


လှပတဲ့ ညချမ်းအချိန်တွေကို နှုတ်ဆက်
လှည့်ထွက်ခဲ့ရတဲ့ မျက်ရည်စတွေထဲ
ရင်နဲ့ဆံ့သလောက် ဖိသိပ်ထားရတဲ့
စကားလုံးတွေက
အခုချိန်ထိ
မရင့်ကျက်နိုင်သေးတဲ့ ဝေဒနာ
စည်းခြားခံလိုက်ရတဲ့ ရင်ခုန်သံတွေမှာ
ဒဏ်ရာတွေက အစိမ်းသက်သက်
ရှင်ချင်လျက်နဲ့ သေခဲ့ရတဲ့
အိပ်မက်တွေထဲမှာ
တကယ်မဝေးရခင်ကတည်းက
လွမ်းဖူးပြီးသားပါ။
မှတ်သားထားဖူးတဲ့ ကြယ်စင်တွေကို
လွှင့်မပစ်ရက်ဘဲ အလွတ်ပြန်ကျက်မိတဲ့အခါ
မင်း အဆုံးစီရင်မသွားတဲ့ နှလုံးသားကို
အဖျားခတ်သွားတဲ့ ပင့်သက်တွေတိုင်းမှာ
ှိုက်သံတွေက အတူပါလာဆဲပါ။

အနိုင်မခံ

အခု ကျွန်တော်တင်ထားတဲ့ကဗျာလေးက ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသားဘ၀တုန်းက ဘာသာပြန်ရေးသားခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ။ မူရင်း အင်္ဂလိပ်ဘာသာကို လေးနက်ပြတ်သားတဲ့ မြန်မာစကားနဲ့ ရှင်းရှင်းပြတ်ပြတ် ရေးသားချက်တွေဟာ ခေတ်အဆက်ဆက် ပြောင်းပေမယ့်လည်း ဘယ်တော့မှ မိုးမယ့် စံပြဖြစ်ပါတယ်။ ဒါ့အပြင် ဘ၀မှာ အခက်အခဲတွေ့တိုင်း စိတ်ပျက်အားငယ်တဲ့အခါတိုင်း ဒီကဗျာလေးကို ဖတ်လိုက်ရင် ကျွန်တော့်အတွက် အားအင်သစ်တွေ အမြဲတမ်းရရှိနေဆဲပါ။     ။  

*************************************

အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
မှောင်မိုက်တွင်းမှနေ အနိုင်မခံ အှုံးမပေးတတ်သော
ငါ၏စိတ်ကို ဖန်ဆင်းပေးသည့်
နတ်သိကြားတို့အား ငါကျေးဇူးဆိုပါ၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော
လက်ဆုပ်တွင်းသို့ ကျရောက်နေရသော်လည်း
ငါကားမတုန်လှုပ်၊ မငိုကြွေး
ကံတရားတို့၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏
ညွှတ်ကားမညွှတ်။
ဤဒေါသ လောဘတို့ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာ ငံ့လင့်လျက်ရှိ၏
သို့သော်လည်း ငါ့အား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့
သုဂတိသို့သွားရာ တံခါးဝသည် မည်မျှပင် ကျဉ်းမြောင်းသည် ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုဒ်၌ ငါ့အပြစ်တို့ကို
မည်မျှပင်များစွာ မှတ်သားထားသည်ဖြစ်စေ
ငါကား ဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်။

Invictus

Out of the night that covers me, black as the pit from pole to pole

I thank whatever Gods may be for my unconquerable soul

In the fell clutch of circumstance I have not winced nor cried aloud

Under the bludgeoning of chance

My head is bloody, but unbowed.

Beyond the place of wrath and tears, Loom but horror of the shade

And yet the menace of the years finds and shall find me unafraid.

It matters not how strait the gate, how charged with punishments in the scroll.

I am the master of the fate.

I am the captain of the soul.

ငါ့တို့အားလုံးရဲ့ ဖေဖေ


မိသားစုစားဝတ်နေရေး အတွက်
အလုပ်ခွင်မှာ တနေကုန်ရှာဖွေနေရတဲ့
အဖေ့အတွက် အိမ်ဆိုတာ ထမင်းစားစရာ
နေရာနဲ့ ညအိပ်စရာနေရာလေးတစ်ခုပဲ ဖြစ်သွားတတ်ပါတယ်...

အဲဒီအခါမှာ အမေနဲ့ အနေနီးတဲ့ ကျွန်တော်တို့အတွက်
အဖေ့ထက် အမေ့ကို ပိုတွယ်တာမိခဲ့ကြပါလိမ့်မယ်..
အဖေတွေဟာ သူရဲ့မေတ္တာတရားကို ထုတ်မပြတတ်ဘူးလို့ ဆိုကြပေမယ့်
ကျွန်တော်တို့ အိပ်နေချိန်မှာ ခိုးခိုးနမ်းတတ်တဲ့
အဖေ့အနမ်းကို လူတိုင်းကြုံဖူးခဲ့ကြတာပဲမဟုတ်လား...

တကယ်တော့ အဖေဆိုတာ အမေ့လို
အနီးကပ်အနားမှာရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ
ကျွန်တော်တို့မှာ အဖေဆိုတဲ့ လူတစ်ယောက်ရှိနေတယ်ဆိုတဲ့ အသိက
အရာရာကို လုံခြုံနွေးထွေးစေနိုင်ပါတယ်...
ကျွန်တော်တို့အားလုံးရဲ့ အဖေတွေဟာ
မိသားစုအတွက် ဘေးအန္တရာယ်ကနေ
အကာအကွယ်ပေးနိုင်တဲ့ ကြီးမားတဲ့
မဟာတံတိုင်းကြီး တစ်ခုပါပဲ....

မေတ္တာသံယောဇဉ်


ငါတို့ကြားမှာ အချင်းချင်းဆိုတာရှိလို့ နောက်ပြောင်တာတွေရှိရတယ်။
ငါတို့ကြားမှာ အချင်းချင်းဆိုတာရှိလို့ လျှို့ဝှက်ချက်တွေပြောခွင့်ရတယ်။

မဆက်သွယ်တာကြာတိုင်း ငါတို့ ဝေးကွာသွားတာ မဟုတ်ပါဘူး။
သတင်းတွေမကြားတိုင်း ငါတို့ ဂရုမစိုက်တော့တာ မဟုတ်ပါဘူး။

သူငယ်ချင်းဖြစ်ပြီဆိုတာနဲ့ ငါတို့မှာ အကွာအဝေးမရှိခဲ့တော့ဘူး။
နှလုံးသားမှာ သူငယ်ချင်းဆိုတဲ့သစ်ပင်ကို အမြစ်တွယ်အောင် စိုက်ခဲ့ပြီမို့ပါ။

တကယ်တော့ သူငယ်ချင်းဆိုတာ ဒီလိုပါပဲ...
မေ့သွားတယ်ဆိုတာမရှိခဲ့လို့ သတိရစရာလည်း မလိုခဲ့ပါဘူး..

ငါတို့ဟာ သူငယ်ချင်းပါ
တစ်သက်မပြောင်းတဲ့ ခင်မင်ရင်းနှီးမှုနဲ့ အချင်းချင်းတန်ဖိုးထားရမှာ........။            ။

သင့်ဘ၀ပန်းတိုင်က ဘာလဲ



ဟိုးရှေးရှေးတုန်းက ကျောက်တောင်တွေကိုထုဆစ်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ရတဲ့ ကျောက်ဆစ်သမားတစ်ဦးရှိတယ်။ သူဟာ နေ့တိုင်း ကျောက်တောင်ကြီးအောက်ခြေကနေစပြီး ကျောက်တွေကိုထုဆစ်လို့ ရလာတဲ့ ကျောက်တုံးတွေကို ပြန်ရောင်းခြင်းအားဖြင့် အသက်မွေးဝမ်းကြောင်းပြုတယ်။ တစ်နေ့တော့ သူဟာ သူထုဆစ်လို့ ရလာတဲ့ကျောက်တွေကို ရောင်းဖို့ မြို့ထဲကို ရောက်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ သူဟာ မြို့ထဲမှာ လျှောက်သွားနေတုန်းမှာ အလွန်ခမ်းနားတဲ့အိမ်ကြီးနဲ့ သူဌေးကြီးတစ်ဦးကိုတွေ့သွားတယ်။ အဲဒါနဲ့သူက

“ အင်း ဒီလို ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီးဖြစ်ပြီး ဒီလိုအိမ်ကြီးထဲမှာ ငါနေရရင်သိပ်ကောင်းမှာပဲလို့ ” တွေးမိလိုက်တယ်။ ခဏလေးမှာပဲ သူဟာ အိမ်ကြီးပေါ်က သူဌေးကြီးတစ်ဦးဖြစ်သွားပါတော့တယ်။ ဒီလိုနဲ့သူဟာ သူဌေးကြီးအဖြစ်နဲ့ အိမ်ကြီးပေါ်မှာနေရင်း တစ်နေ့တော့ အိမ်ရှေ့ပြတင်းပေါက်ကနေ အပြင်ကိုကြည့်မိတယ်။ အဲဒီအခါ အရာရှိကြီးတစ်ဦးက ဝေါယဉ်လှလှကြီးနဲ့ အိမ်ရှေ့ကနေ ဖြတ်သွားတာကိုတွေ့လိုက်ရပါတယ်။ အဲဒီတော့သူက

“ အင်း ငါလည်း ဒီလို ဝေါယဉ်လှလှကြီးစီးလိုက်ရရင်သိပ်ကောင်းမှာပဲ ” လို့တွေးမိလိုက်တယ်။ အဲဒီလိုတွေးလိုက်တာနဲ့တပြိုင်နက် သူဟာ အဲဒီဝေါယဉ်လှလှကြီးအပေါ်ကို ရောက်သွားပါတယ်။ သူလည်း ပျော်ရွှင်သွားတာပေါ့။ ဒီလိုနဲ့ဝေါယဉ်ကြီးက သူ့ကို သယ်ဆောင်ပြီးမြို့ထဲကို လှည့်ပတ်သွားပါတော့တယ်။ အဲဒီလို သွားနေခိုက်မှာ နေမင်းဟာ အလွန်ကိုပူပြင်းလို့ သူဟာ “ အင်း နေကလည်း အရမ်းပူလိုက်တာနော် ငါနေမင်းကြီး ဖြစ်ချင်လိုက်တာ ” လို့တွေးမိပြန်တယ်။ အဲဒီလိုတွေးလိုက်တာနဲ့ သူဟာ နေမင်းကြီးဖြစ်သွားပါတော့တယ်။ နေမင်းကြီးအဖြစ်နဲ့ သူဟာ ကမ္ဘာမြေကြီးကို အစွမ်းကုန် ပူပြင်းလိုက်ရလို့ သူကျေနပ်သွားတယ်။ အဲဒီလို ကျေနပ်နေတုန်းမှာပဲ သူ့ရှေ့ကို တိမ်တစ်အုပ်ဝင်လာပြီး သူ့ကိုဖုံးအပ်သွားပါတော့တယ်။

ဒီတော့သူက “ အင်း ငါ့ကို တိမ်တွေက ဖုံးအုပ်သွားကြပြီ ငါတိမ်တွေဖြစ်ချင်လိုက်တာ ” လို့တွေးလိုက်ပြန်တယ်။ အဲဒီလိုတွေးလိုက်တာနဲ့ပဲ သူဟာ တိမ်တွေ ဖြစ်သွားပြီး ကောင်းကင်မှာ လှည့်ပတ်နေပါတော့တယ်။ သိပ်မကြာခင်မှာပဲ လေပြင်းတွေတိုက်ပြီး တိမ်တွေကို လွင့်စင်သွားစေခဲ့တယ်။ ဒီတော့ သူက “ အင်း တိမ်ဖြစ်ရတာလည်း သိပ်မကောင်းပါဘူး တကယ်စွမ်းအားရှိတာက လေတွေပဲ ဒီတော့ ငါ လေပြင်းတွေ ဖြစ်ချင်တယ် ” လို့တွေးလိုက်ပြန်ပါတယ်။ ခဏနေတော့ သူဟာ အရှိန်အဟုန်ပြင်းစွာနဲ့ လေပြင်းတွေဖြစ်သွားတယ်။ လေပြင်းတွေအဖြစ်နဲ့သူဟာ ရှိရှိသမျှတိမ်တိုက်တွေနဲ့ အရာအားလုံးကို ဝှေ့ယမ်းတိုက်ပစ်ပါတော့တယ်။ ဒီလိုနဲ့သူဟာ လေပြင်းတွေတိုက်နေတုန်း ကျောက်တောင်ကြီးတစ်ခုနားကိုရောက်တော့ ကျောက်တောင်ကြီးကို လေပြင်းတွေက မတိုးနိုင်ဘူးဆိုတာ သူသိသွားတယ်။ ဒီတော့သူက “ အင်း တကယ့်ကို ခိုင်မာတာက ကျောက်တောင်ကြီးပါလား ငါ ကျောက်တောင်ကြီးပဲ ဖြစ်ချင်တော့တယ် ” လို့ တွေးလိုက်ပြန်တယ်။ ခဏနေတော့ သူဟာ ကျောက်တောင်ကြီးအဖြစ်ကို ရောက်ရှိသွားတယ်။ သူဟာ အင်အားကြီးတယ်၊ ကြံ့ခိုင်တယ်လို့ ထင်တဲ့ ကျောက်တောင်ကြီးအဖြစ်နဲ့ ကျေနပ်နေတုန်းမှာ သူ့အောက်မှာ “ တောက်..တောက်...တောက် ” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

သူငုံ့ကြည့်လိုက်တော့ ကျောက်ဆစ်သမားတစ်ဦးဖြစ်နေပါတော့တယ်။

ကျွန်တော်တို့ဟာ ဘ၀မှာ အကောင်းဆုံးဆိုတဲ့ အလုပ်၊ အကောင်းဆုံးဆိုတဲ့ အရာတွေကိုပဲ ရှာဖွေဖို့ အမြဲကြိုးစားနေမိကြတယ်။ ကိုယ်နဲ့ သင့်တော်တဲ့အလုပ်၊ ကိုယ်နဲ့ သင့်တော်တဲ့ဘ၀မှာ နေရတာထက်ကိုယ်နဲ့ အဆင်မပြေတဲ့ဘ၀တွေကို ရောက်ဖို့ပဲ ခုန်ကူးဖို့ ကြိုးစားနေမိကြတယ်။ တကယ်တော့ ကိုယ်ဝါသနာပါတဲ့အလုပ်နဲ့ ကိုယ်ဖြစ်ချင်တဲ့ဘ၀ “ ကိုယ့်ဘ၀ ” ကသာလျှင် ကိုယ့်ရဲ့ တကယ့်အစစ်အမှန် Real life ဖြစ်ပါတယ်။

မိန်းမသားတွေဘာကြောင့် ငိုရသလဲ


ကောင်လေးတစ်ယောက်က သူ့အမေကိုမေးတယ် ။

` အမေ ဘာလို့ငိုနေတာလဲဟင် ´

` ဘာလို့လည်းဆိုတော့အမေဟာ မိန်းမသားတစ်ယောက်ဖြစ်နေလို့ပေါ့ကွယ် ´

မိခင်က ကောင်လေးကိုပြန်ဖြေတယ်။

` ကျွန်တော်နားမလည်ဘူး ´ လို့ ကောင်လေးကပြောတယ်။ အဲဒီအခါ သူ့ အမေက ကောင်လေးကို ထွေးပွေ့လိုက်ပြီး ` မင်းဘယ်တော့မှ နားလည်မှာမဟုတ်ပါဘူးကွယ် ´ လို့ပြန်ပြောလိုက်တယ်။

အဲဒီနောက်မှာ ကောင်လေးက သူ့အဖေကိုမေးတယ်။

` အဖေ အမေက ဘာအကြောင်းမှ မရှိပဲ ဘာလို့ ငိုတာလဲဟင် ´
`မိန်းမသားအားလုံးဟာ အကြောင်းပြချက်မရှိပဲ ငိုတတ်တယ်သားရဲ့ ´ လို့ သူ့အဖေက ကောင်လေးကို ပြန်ပြောခဲ့တယ်။


ဒီလိုနဲ့ ကောင်လေးဟာ အရွယ်တဖြည်းဖြည်းကြီးလာပြီး လူကြီးတစ်ဦးဖြစ်လာခဲ့တယ်။ ဒါပေမယ့် သူဟာ ဘာကြောင့် မိန်းမတွေ ငိုရသလဲဆိုတာနဲ့ ပတ်သတ်ပြီး မရှင်းမလင်းနဲ့ သိချင်စိတ်ရှိနေတုန်းပါပဲ။ နောက်ဆုံးမှာ သူဟာ ဘုရားသခင်ဆီ ဖုန်းခေါ်လိုက်တယ်။ ဘုရားသခင်က ဖုန်းကိုင်လိုက်တဲ့အခါ သူက မေးခဲ့တယ်။

` ဘုရားသခင် ဘာကြောင့် မိန်းမသားတွေဟာ လွယ်လွယ်ကူကူ ငိုကြပါသလဲ ´

ဘုရားသခင်က ပြန်ဖြေခဲ့တယ်။

` ငါဟာ မိန်းမသားတွေကို အထူးသီးသန့်ကွဲပြားခြားနားအောင်ဖန်ဆင်းခဲ့တယ် ကမ္ဘာကြီးရဲ့အလေးချိန်ကို ထမ်းထားနိုင်လောက်တဲ့ ပခုံးသားတွေ ဖန်ဆင်းပေးခဲ့တယ်။ တပါးသူကို နှစ်သိမ့်မှုပေးနိုင်အောင် နူးညံ့ညှင်သာခြင်းတွေ ပေးခဲ့တယ်။ ကလေးမွေးဖွားနိုင်အောင် သားအိမ်သန်စွမ်းခိုင်မာမှုကို ဖန်ဆင်းပေးခဲ့သလို သူမွေးလာတဲ့ သားသမီးတွေဆီက ဘယ်လိုတုန့်ပြန်မှုမျိုးကိုမဆို နားလည်ခွင့်လွှတ်နိုင်အောင် ခံနိုင်ရည်စွမ်း ရှိအောင် ဖန်ဆင်းခဲ့တယ်။ သူတစ်ယောက်တည်း အထီးကျန်တဲ့အခါ ဆက်လက်ရှင်သန်နိုင်အောင် မာကြောမှုကို ပေးခဲ့သလို သူ့မိသားစုကို ဖျားနာမှုတွေ မောပန်းနွမ်းနယ်မှုတွေကနေ ကာကွယ်ပေးနိုင်အောင်လည်း ဖန်ဆင်းခဲ့တယ်။ ဘယ်လို အခြေအနေမျိုးပဲ ကြုံရပါစေ ဘယ်လို အရာမျိုးပဲ ဖြစ်ပျက်နေပါစေ နောက်ဆုံးသားသမီးတွေဆီက ခါးသီးတဲ့ နာကျင်မှုတွေ သူ့ကို ပေးတာတောင်တာတောင်မှ အပြုံးမပျက်ပဲ သူ့သားသမီးတွေကို အချစ်မပြယ်အောင် ချစ်ခြင်းမေတ္တာကို ပေးတော်မူခဲ့တယ်။ သူ့ခင်ပွန်းရဲ့ အမှားတွေကို ခါးစည်းခံနိုင်လောက်တဲ့ စွမ်းရည်တွေ နောက်ဆုံး သူ့ခင်ပွန်းက သူ့နံရိုးတွေနဲ့ သူ့နှလုံးသားကိုကာရံပြီး ဖက်ရှင်အဖြစ် ၀တ်ချင်တယ်ဆိုရင်တောင် ပေးအပ်နိုင်တဲ့ အစွမ်းမျိုးကိုလည်း ပေးအပ်ခဲ့တယ်။ ခင်ပွန်းကောင်းတစ်ယောက်ဟာ ဇနီးသည်အပေါ် ဘယ်တော့မှ နာကျင်စေမှာမဟုတ်ဘူးဆိုတာကို သိနိုင်တဲ့ အသိဥာဏ်မျိုးပေးခဲ့တယ်။ ဒါပေမယ့် တခါတရံမှာ စိန်ခေါ်မှုတွေ ခက်ခဲကြမ်းတမ်းမှုတွေကြောင့် သူမ ယုံကြည်ချက်တွေ မ၀ံ့မရဲ တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်တာမျိုးတွေ ကြုံရတယ်။ ဒါကြောင့် နောက်ဆုံးမှာ ငါဘုရား သူမကို မျက်ရည်တစ်စက်ပေးတော်မူခဲ့တယ်။ သူမ ဘယ်အချိန်အဖြစ်ဖြစ် လိုအပ်လာတဲ့အခါ အထူးသီးသန့် အသုံးပြုဖို့အတွက်ပေါ့။

ဘုရားသခင်က ဆက်ပြောတယ် ။

` မြင်တယ်မဟုတ်လား ငါ့သား။ မိန်းမသားတစ်ယောက်ရဲ့ အလှအပဆိုတာ သူဝတ်ထားတဲ့ အ၀တ်အစားတွေမဟုတ်ဘူး။ သူမ ဆင်ယင်ထားတဲ့ အသွင်သဏ္ဍာန်တွေမဟုတ်ဘူး။ သူမ ဆံပင်ကို ဘယ်လို ဖြီးသင်သလဲဆိုတဲ့ နည်းလမ်းလည်းမဟုတ်ဘူး။ မိန်းမသားတစ်ယောက်ရဲ့ အလှအပဆိုတာဟာ သူမရဲ့ မျက်လုံးတွေ ထဲမှာပဲရှိတယ်။ ဘာကြောင့်လည်းဆိုတော့ မိန်းမသားတစ်ယောက်ရဲ့ မျက်လုံးဆိုတာဟာ သူမအချစ်တွေ စုပြုံထားတဲ့ နှလုံးသားကနေ ထွက်ရှိလာတဲ့ တံခါးပေါက်တစ်ခုဖြစ်တဲ့အတွက်ကြောင့်ပါ ´

အမျိုးသမီးတွေ ငိုနေပြီဆိုရင် ကျွန်တော်တို့ အမျိုးသားအများစုက မျက်ရည်ကိုလွယ်လွန်းတယ်။ ဒါလေးပြောတာနဲ့ မျက်ရည်ကျစရာလား။ ဘာမှလည်းမဟုတ်ပဲနဲ့ ငိုပြန်ပြီ အစရှိသဖြင့် ငြူစူလေ့ရှိကြတယ်။ တကယ်တော့ သူတို့ ရင်ထဲမှာ ဘာတွေမွန်းကြပ်နေသလဲ ဘာတွေ လိုအပ်နေသလဲဆိုတာ ကျွန်တော်တို့ မြင်အောင်ကြည့်မိကြဘူး ။

အခု ခင်ဗျားမှာ လုပ်စရာနှစ်မျိုးရှိပါတယ်။ ဒီဖိုတိုလေးကို like ပြုလုပ်ပြီး သင့် ဇနီးထံကို ပေးပို့လိုက်ပါ ။ ဒါမှမဟုတ် သင့် စာမျက်နှာမှာရှိတဲ့ အမျိုးသမီးတွေအတွက် သင် Share ပြုလုပ်သွားနိုင်ပါတယ်။

သူငယ်ချင်းကောင်းတို့၏ စိတ်ဓာတ်


တခါတုန်းက သူငယ်ချင်းနှစ်ဦးဟာ သဲကန္တာရတစ်ခုထဲမှာ လမ်းလျှောက်လာကြတယ် ။ လမ်းခရီးတစ်နေရာ အရောက်မှာ သူတို့ စကားများကြပြီး သူငယ်ချင်းတစ်ယောက် နောက်တစ်ယောက်ရဲ့မျက်နှာကို လက်နဲ့ရိုက်လိုက်တယ်။ အရိုက်ခံရတဲ့ ကောင်လေးက နာသွားပြီး ဘာမှ ပြန်မပြောပါဘူး။ ဒါပေမယ့် သူဟာ သဲပြင်ပေါ်မှာ အောက်ပါအတိုင်းစာရေးခဲ့တယ်။

“ ဒီနေ့ ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့မျက်နှာကိုရိုက်တယ် ”

ဒီလိုနဲ့သူတို့နှစ်ဦးဟာ အိုအေစစ် ကိုရောက်တဲ့အထိ လမ်းလျှောက်လာခဲ့ကြတယ်။ အဲဒီနေရာမှာ သူတို့ ရေချိုးရေကူးကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ မျက်နှာအရိုက်ခံရတဲ့ ကောင်လေးဟာ ရေချိုးနေတုန်း အိုအေစစ်ထဲမှာ နွံထဲဆင်းမိပြီး နွံထဲကိုတဖြည်းဖြည်းနစ်မြုပ်သွားခဲ့တယ်။ ဒါပေမယ့် သူ့သူငယ်ချင်းက သူ့ကို အချိန်မှီကယ်တင်လိုက်ပါတယ်။ နွံနစ်တဲ့ နေရာအနီးမှာ သူသတိပြန်ရလာတဲ့အခါ သူ ကျောက်တုံးတစ်တုံးပေါ်မှာအောက်ပါအတိုင်းစာရေးခဲ့တယ်။

“ ဒီနေ့ ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့အသက်ကိုကယ်ခဲ့တယ် ”

ဒီတော့ သူ့အသက်ကို ကယ်ခဲ့တဲ့သူငယ်ချင်းက မေးတယ် ။

“ ငါမင်းကို နာကျင်အောင်လုပ်တုန်းကလည်း မင်း သဲပြင်ပေါ်မှာ စာရေးခဲ့တယ် အခုငါမင်းကိုကယ်ခဲံတော့လည်း မင်းကျောက်တုံးပေါ်မှာ စာရေးခဲ့တယ် အဲဒါဘာဖြစ်လို့လဲ ”

ဒီတော့ သူကပြန်ပြောတယ် ။

“ ငါတို့ကို တစ်စုံတစ်ယောက်က နာကျင်အောင်လုပ်တဲ့အခါမှာတော့ ငါတို့သဲပြင်ပေါ်မှာပဲ ရေးပြီးမှတ်ထားသင့်တယ် ။ ဒါမှ လေတိုက်တဲ့အခါ အဲဒီစာတွေပျောက်သွားသလိုမျိုး ခွင့်လွှတ်ခြင်း က အဲဒီနာကျင်မှုကို အဝေးကိုဖယ်ရှားပေးနိုင်မှာပါ ။ ဒါပေမယ့် ငါတို့အတွက် တစ်စုံတစ်ယောက်က ကောင်းတဲ့အရာတွေ လုပ်ပေးခဲ့ရင်တော့ ငါတို့ကျောက်တုံးပေါ်မှာ ရေးမှတ်ထားသင့်တယ် ဒါမှ ဘယ်လိုလေမျိုးတိုက်တိုက် ပျောက်ပျက်မသွားရအောင်ပေါ့ ”

သင့်ရဲ့ နာကျင်မုန်းတီးမှုတွေကို သဲပြင်ပေါ်မှာပဲ ရေးမှတ်ထားလိုက်ပါ ။ လေတိုက်တဲ့အခါ အဲဒီစာတွေ လွင့်ပျောက်သွားပါစေ -----
သင့်အပေါ်ကောင်းတဲ့သူတွေကိုတော့ ကျောက်တုံးပေါ်မှာ ရေးမှတ်ထားလိုက်ပါ ။ ဘယ်လိုပဲ လေပြင်းတွေတိုက်တိုက် မပျောက်ပျက်ပဲ အမြဲအမှတ်ရနေပါစေ-----

Thursday, March 22, 2012

ရင်ဆိုင်ဖို့ လိုအပ်သော သတ္တိ


Hamburg ရဲ့ လမ်းပေါ်မှာ လမ်းသွားလမ်းလာတွေက ဒီရှဉ့်လေးကိုတွေ့ခဲ့ကြတယ်။ ရှဉ့်ကလေးဟာ ရေဆိုးမြောင်းအပေါက်ကိုဖုံးထားတဲ့အဖုံးထဲ ခေါင်း ၀င်နေပြီး ကယ်သူမဲ့နေပါတယ်။
ဒီရှဉ့်လေးရဲ့ မျက်ဝန်းဟာ ကြောက်လန့်ခြင်းတရားတွေနဲ့ အကူအညီမဲ့နေတဲ့ မျက်ဝန်းတွေနဲ့ သူ့ကို ကူညီမဲ့ တစုံတရာကို သူရှာဖွေနေတယ်။ လမ်းသွားလမ်းလာအချို့က ရှဉ့်ကလေးကို မကြည့်ရက်နိုင်လို့ နီးစပ်ရာ မီးသတ်ဌာနကို ခေါ်သွားပေးခဲ့တယ်။

ဟိုရောက်တဲ့အခါ သူတို့က ရှဥ့်ကလေးလည်ပင်းမှာစွပ်နေတဲ့ အပေါက်ကို ခက်ခက်ခဲခဲ ချွတ်ပေးဖို့ကြိုးစားကြတယ်။ အချည်းအနှီးပါပဲ။ ဘယ်အရာကမှ လည်ပင်းအပေါက်ထဲကနေ ရှဉ့်ကလေး လွတ်အောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။ အမဲဆီချောဆီတွေနဲ့ ရှဉ့်ကလေးလည်ပင်းကို သုတ်ပြီးချွတ်တာတောင် မကျွတ်ထွက်ခဲ့ဘူး။ နောက်ဆုံး ကြံရာမရတာနဲ့ ကယ်ဆယ်ရေးသမားတွေက ရှဉ့်ကလေးလည်ပင်းနဲ့ ဦးခေါင်းပိုင်းက အမွှေးတွေကို ပြောင်စင်အောင်ရိတ်ပြီး ခက်ခက်ခဲခဲ ချွတ်ပေးခဲ့တယ်။  အိုး ......... အောင်မြင်သွားပါတယ်။ ဒါနဲ့ချက်ချင်းပဲ ရှဉ့်ကလေးကို တိရိစ္ဆာန် ဆေးကုဌာနကို ပို့ပေးခဲ့ကြတယ်။ အဲဒီညမှာပဲ -- စိတ်မကောင်းစွာနဲ့ ရှဉ့်ကလေးဟာ နှလုံး တိုက်ခိုက်မှုခံရပြီးသေဆုံးသွားခဲ့ရပါတယ်။

ဝမ်းနည်းစရာပါပဲ တိရိစ္ဆာန်ဆေးကုဆရာဝန်တွေပြောတာကတော့ ရှဉ့်ကလေးဟာ စိတ်ဖိစီးမှုဒါဏ်ကို ခံနိုင်ရည်မရှိခဲ့ပါဘူး ။ အကြောက်တရားတွေက သူ့ နှလုံးကို ရပ်တန့်စေခဲ့ပါတယ်တဲ့ ။

အခက်အခဲတွေနဲ့ကြုံလာတဲ့အခါ ကျွန်တော်တို့ဟာ ကြောက်စိတ်ကို ဖယ်ရှားလို့ သတ္တိကို မွေးမြူရပါမယ်။
ရင်ဆိုင်ဖြေရှင်းခြင်းနဲ့ ဘ၀မှာ အကြောက်တရားကို သတ္တိရှိရှိ ရင်ဆိုင်ခြင်းကသာ ကျွန်တော်တို့ နှလုံးသားတွေကို ဆက်လက်ခုန်နေစေမှာဖြစ်ပါတယ်။       ။